Monday, May 24, 2010

ရန်ကုန်မြို့၊ မင်္ဂလာဈေးကြီး မီးလောင် 24.5.2010

May,24.2010





ဒီကနေ့မနက် ၈ နာရီခွဲလောက်ကနေ စတင်လောင်ကျွမ်းခဲ့တဲ့ မင်္ဂလာဈေးမီးဟာ မြန်မာစံတော်ချိန် ညနေ ၄ နာရီအထိ မငြှိမ်းသတ်နိုင် သေးပါဘူး။ နေ့လည်ဘက် မိုးရွာသွန်းပြီးနောက်ပိုင်းမှာ မူလစလောင်တုန်းကလို မီးအရှိန်မကြီးတော့ဘူးလို့ ပတ်ဝန်းကျင်ကလူတွေရော မီးသတ်က တာဝန်ရှိသူတွေကပါ ပြောကြပါတယ်။ ဒီကနေ့မနက် မီးစလောင်တဲ့နေရာကတော့ ဆေးဝါး၊ အလှကုန်နဲ့ စာရေး ကိရိယာတွေရောင်းချတဲ့ ၄ လွှာမှာ ဖြစ်ပါတယ်။ မီးလောင်ချိန်ဟာ ဈေးဖွင့်စ အချိန်ဖြစ်တာမို့ ဈေးအတွင်းမှာ လူများများစားစားမရှိသေးပေမယ့် အပေါ်ဆုံး ထပ် ခေါင်မိုးပေါ်မှာဖွင့်ထားတဲ့ စားသောက်တန်း မှာတော့ ဈေးသည်အချို့ ကနဦး ပိတ်မိနေခဲ့ပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ မီးသတ်က လှေကားတွေနဲ့ ကယ်ဆယ်နိုင်ခဲ့တယ်လို့ မျက်မြင် တွေ့သူတဦးက ဗွီအိုအေကို ပြောပါတယ်။ မြန်မာစံတော်ချိန် ညနေ ၄ နာရီ ရန်ကုန်မီးသတ်ကြီးကို မီးအခြေအနေ ဖုံးဆက် ကြည့်တော့ အခုအချိန်အထိ မီးမငြိမ်းသေးဘူးလို့ပဲပြောပြီး ကျန်အခြေအနေတွေ မေးခွင့် မရပါဘူး။

APမီးလောင်နေသည့် မင်္ဂလာဈေး။ မေ ၂၄၊ ၂၀၁၀
ထိခိုက်ဒဏ်ရာရသူ တချို့ရှိတယ်လို့ သတင်းထွက်ပေမဲ့ အတည်ပြုလို့ မရသေး ပါဘူး။ အနီးမှာ စောင့်ကြည့်နေတဲ့သူတွေကတော့ နေ့လယ် တနာရီလောက် မိုးရွာပြီး မီးညွန့်က အရင်ကလောက် မကြီးတော့ဘူးလို့ ဆိုပါတယ်။ ဒါပေမဲ့ တိုက်ထဲကနေ မီးခိုးတွေ အူထွက်နေပြီး ၄ လွှာ ကြမ်းခင်းအချို့ ပြိုကျနေပြီလို့ ပြောပါတယ်။ဈေးအတွင်းက ပစ္စည်းတွေကိုတော့ ဆိုင်ပိုင်ရှင်တွေ သယ်ယူခွင့်မရလိုက်တာ ကြောင့် ဈေးတခုလုံး လောင်မယ်ဆိုရင် ပစ္စည်းတွေအားလုံးပါ ဆုံးရှုံးမယ့် သဘောရှိတယ်လို့ ရန်ကုန်မြို့ခံ မျက်မြင်တဦးကလည်း ပြောပါတယ်။ အခု မီးလောင်တာဟာ ၀ါယာရှော့ဖြစ်ပြီး လောင်တာလို့ ယူဆကြပေမယ့် အတိအကျတော့ ဘယ်သူမှ မပြောနိုင်ပါဘူး။အာဏာပိုင်တွေကတော့ မီးလောင်ရာတ၀ိုက်လမ်းတွေကို ပိတ်ထားပြီး အဆောက်အဦးတွင်းကိုလည်း မီးသတ်နဲ့ အခြား တာဝန်ရှိသူတွေမှ အပ ဘယ်သူမှ ပေးမ၀င်ဘူးလို့ သိရပါတယ်။ မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၀၀၈ ခုနှစ်အတွင်း မီးလောင်မှု ၇၁၉ ခု ရှိခဲ့ပြီး မီးလောင်မှုတွေကြောင့် လူ ၂၈ ဦး သေဆုံးခဲ့တယ်လို့ အစိုးရ ကိန်း ဂဏန်းကို ကိုးကားပြီး ရိုက်တာသတင်းမှာ ရေးသားထားပါတယ်။

Posted by;Cing Nuam Mang

No comments:

Post a Comment